ချောင်းသာကမ်းခြေသို့ အလည်တစ်ခေါက်

မြန်မာလိုမရေးတာကြာတော့ အူကြောင်ကြားနိုင်မယ့်အကွက်တွေအများကြီး။ ထားပါ..။ မောင်ရင် နိုင်လင်းအောင်ကို အားကျပြီး လိုက်တုထားတယ်ပဲ ဆိုပါစို့။

လူကြီးသူမတွေပြောသလို မိုးလေကင်းလွတ် သီတင်းကျွတ်ဆိုပေမယ့် ကျွန်တော်တို့ တစ်သိုက် ချောင်းသားသွားဖို့ လုပ်ကြတာက စာမေးပွဲဖြေပြီးနောက်တစ်နေ့ (အမှတ်မမှားဘူး ဆိုရင်ပေါ့)။ ပြောရမယ်ဆိုရင် ပင်လယ်ကမ်းခြေဆိုတာ ကိုယ့်အတွက်တော့ မစိမ်းလှဘူး။ ငယ်ငယ်ကတည်းက ရခိုင်ပြည်နယ်ဘက် ဂွ၊ ကမ်းသာယာ၊ နောက် အဲ့တုန်းက ဖွင့်တောင်မဖွင့်သေးတဲ့ မော်ရွှေချိုင်တို့ဆိုတာ အိမ်ဦးနဲ့ ကြမ်းပြင်လို့ ဖြစ်နေတာ။ အဲ.. မော်ရွှေချိုင်ကတော့ အခုအသက်နှစ်ဆယ့်နှစ်ဝန်းကျင်ထဲ ရောက်လာတဲ့အထိ ရောက်ဖူးသမျှ ကမ်းခြေထဲမှ အလှဆုံးလို့ ပြောလို့ရမယ်။ လှမ်းကြည့်လိုက်ရင် ပင်လယ်ပြင်ဆိုတာ အရောင်နှစ်မျိုး စည်းခြားထားသလိုကို ဖြစ်နေတာ။ လူတွေ အရောက်အပေါက်နည်းသေးတော့လည်း မိန်းမရိုင်းလေးပမာ လှချင်တိုင်း လှနေရှာမှာပေါ့။

ချောင်းသာဇာတ်လမ်းပြောပါမယ်ဆိုမှ ကမ်းခြေဋီကာ ဖွင့်ပြနေတယ်ပြောနေအုံးမယ်။ သွားမယ်ဆိုတုန်းကတော့ ဘော်ဒါတစ်သိုက်ပေါ့။ တစ်သိုက်လို့ပြောရအောင်လည်း တက္ကသိုလ်တုန်းက ဒီကောင်တွေအဖွဲ့က အယောက်နှစ်ဆယ်လောက် ရှိမလားပဲ။ တစ်ကျောင်းလုံး မေးကြည့်ရင် မသိတဲ့သူဆိုတာ မရှိသလောက်ပဲ။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့်လို့ပဲ ပြောရမလား? အိမ်မပိုင်လို့ကျန်ခဲ့တဲ့ သူတွေကလည်း အများကြီးပဲ။ ဥပမာ မေးရမယ်ဆိုရင်တော့ မောင်ရင်သက်ပိုင်၊ မောင်ရင်အာကာနဲ့ မောင်ရင်ရဲသူပေါ့။ အဲ့မှာမေးစရာရှိတာက မောင်ရင်နိုင်လင်းအောင် ကျတော့ အိမ်ပိုင်သကိုးလို့ ထင်ကြမှာပေါ့။ အဲ့ဒီ အကြောင်းပြောချင်လို့လဲ အခုဒီဟာကို ရေးဖြစ်တာပေါ့။

ပထမစုရပ်က အဖွဲ့ရဲ့ ပုံမှန်စုစည်းရာ သီတာက Manchester United ဆိုတဲ့ ဂိမ်းဆိုင်။ ထုံးစံအတိုင်း ကိုယ်က ကြိုရောက်နေပြီး စောသေးလို့ ဂိမ်းလေးဘာလေးတောင် ဆော့လိုက်သေး။ ပုံမှန်အတိုင်းပဲ နောက်ကျတဲ့သူတွေကြီးပဲ။ ဒါကြောင့်လည်း ပေါင်းမိတာနေမှာ။ အစီအစဉ်အရတော့ နိုင်လင်းအောင် သကောင့်သားကို သူ့အိမ်ကနေ လိုက်ထုတ်လို့ တာဝန်ကျ။ အင်းသွားပေါ့၊ အဲ့ဒီမှာ ဆရာသမားက ဇာတ်လမ်းစလာတယ်။

“ ငါအိမ်ကို မေမြို့သွားမယ်ပြောထားတာဟ အဲ့ဒါလိုက်ကူပြီး ဖောရှောလုပ်ပေးအုံး။ ချောင်းသာဆိုတာ သိရင်လွှတ်မှာ မဟုတ်ဘူး။ ”

ဇာတ်လမ်းက စလာပြီ။ ခက်တာက ကိုယ်တိုင်က သူ့ကို စကားက တတ်သည်မဟုတ်။ မြန်မာစကားဆို လေလုံးကမကွဲ။ အေး လုပ်ပေါ့။ ရောက်မှ မီးစဉ်ကြည့်ကမယ်ပေါ့။ အဲ့လိုနဲ့ ဆရာသမားအိမ်ရောက်သွားသည်။ ဝင်လိုက်သည်နှင့် မိဘနှစ်ပါးက မိန့်မိန့်ကြီးထိုင်နေသည်။ နည်းနည်းတော့ ဖြုံ့သွားသည်။ မေးခွန်းတွေ ထရစပ်လာရင်တော့ ဒီကောင်သေပြီပေါ့။ နိုင်လင်းအောင်အိမ်ရောက်ဖူးတာက ပထမအကြိမ်မဟုတ်။ ဒါပေမယ့် ဒီတစ်ခေါက်က ကိုယ်တွေက အလိမ်အညာဇာတ်လမ်းရိုက်ထားတဲ့သူတွေဆိုတော့ ကိုယ်ကျောကိုယ်မလုံ။ ဘေးဘီတစ်ခက်အကဲခတ်လိုက်သည်။ မောင်ရင့်ညီမကို တွေ့လိုက်ပြီ။ ဘေးနားတွင် အဖွားဖြစ်သူကိုကလည်း ရှိနေသည်။ မသိရင်ပဲ သမီးလာတောင်းတဲ့ကောင်လိုလို ဘာလိုလိုနဲ့။ အမှန်က နိုင်လင်းအောင် ချောင်းသာလိုက်ရရေး ခေါင်းလာခံပေးတဲ့ သူပေါ့။ မိဘတွေ ထုံးစံအတိုင်း ဘယ်အချိန်သွားမှာလဲ၊ ဘယ်သူတွေ ပါမှာလဲ၊ အစရှိသဖြင့်ပေါ့။ ဆရာသမားက အထုပ်ကတော့ အဆင့်သင့်ပြင်ထားပြီးထား။ မြင်လိုက်တာနဲ့ ကိုယ်တောင် ဖြုံသွားတယ်။ ဘာတွေ ဒီလောက်တောင် ထည့်လာသလဲပေါ့။ တော်သေးသည် အားလုံးအဆင်ပြေပြေနဲ့ ပြီးသွားတော့။ စုရပ်ကို ပြန်တဲ့လမ်းမှာ ဘာလို့အဲ့လောက်အများကြီးထည့်လာတာလဲ မေးကြည့်တော့ အိမ်က မေမြို့သွားရင် အေးမှာမို့လို့ အနွေးထည်နဲ့ စောင်တွေထည့်ပေးလိုက်တယ်ဆိုလားပဲ။

အဲ့လိုနဲ့ပဲ အချိန်က ညီအစ်ကို မသိသတိ အချိန်ကို ရောက်လာသည်။ ရောက်သင့်တဲ့သူတွေလည်း ရောက်ပြီ။ တစ်ချို့ကလည်း နောက်စုရပ်တစ်ခုမှာပဲ စောင့်မယ်ပေါ့။ အဲ့လိုစုရပ်တွေ ခွဲထားရအောင်ကို များတာ။ ကိုယ်တွေဘက်ကလူတွေ စုံပြီဆိုတာနဲ့ နောက်စုရပ် ဖြစ်တဲ့ ဆရာချစ်တို့ အိမ်ကိုသွားကြပါလေရော။ ဒီဇာတ်လမ်းမှာ ဆရာချစ်က ခေါင်သူကြီး။ ကားတွေဘာတွေကော အကုန်သူပဲ စီစဉ်တာ။ သူ့အိမ်ကတော့ ရှော့မရှိ။ ကားဒရိုင်ဘာတောင် သူတို့နဲ့ ရင်းနှီးတဲ့သူကို ထည့်ပေးလိုက်တာ။ အချိန်ကလည်း စောနေသေးတာနဲ့ ကြားထဲက မလိုက်ဖြစ်တဲ့သူတွေဆီ သွားကညော့သေးတယ်။ သားကြီးလိုက်ခဲ့ ပိုက်ဆံမလိုဘူး လူပဲလိုတာ။ အဝတ်တစ်ထည်ကိုယ်တစ်ခု ဆိုရင်လည်း ဖြစ်တယ်။ အဲ့ဒါကြောင့်ပဲ မောင်ကြည်သာစိုး တစ်ယောက်ဆိုရင် အမေနဲ့ အတိုက်အခံဖြစ်ပြီး နောက်ဆုံး မျက်ရည် နှပ်ချေးတွဲလောင်းနဲ့ ကျန်ခဲ့ရရှာတယ်။ ကိုယ်တွေလည်း ဘယ်စိတ်ကောင်းမလဲ၊ ဟုတ်တယ်မဟုတ်ဘူးလား? အဲ့လိုနဲ့ ည (၇) နာရီလောက်လဲရှိကော လိုက်မယ့်သူတွေ အကုန်စုံနေပြီ။ ပြောမယ့်သာပြောတာ ကိုယ်တွေအဖွဲ့က လူစုံသလို လူလဲညီသား။ အခုအချိန်မှာသာ ဘာသာရေး ပြဿနာတွေ ဖြစ်နေတာ။ အဲ့တုန်းက အဖွဲ့မှာဆိုရင် ဗမာဗုဒ္ဓဘာသာ၊ တရုတ် ဗုဒ္ဓဘာသာ၊ မွတ်စလင်၊ ခရစ်ယာန် အကုန်စုံတယ်။ အားလုံး တစ်ယောက်တစ်​ပေါက်နဲ့ ပြောချင်ရာပြော ဆိုချင်ရာဆိုနေကြတာ။ အဲ့ညက ဆရာချစ်အိမ်မှာ ညစာစား အားလုံးအဆင်သင့်ဖြစ်တာနဲ့ ချောင်းသာကမ်းခြေကို ခရီးစတင်ထွက်လာတော့တာပါပဲ။

သွားတာကတော့ Light Truck ကားနဲ့ နောက်ခန်းမှာ အားလုံးစုထိုင်ကြတယ်။ အစက ရှေ့ခေါင်းခန်းသွားထိုင် ခန္ဓာကိုယ်နဲ့ မလိုက်အောင် နုနယ်လှတဲ့ မောင်လှစိန်တောင် အနောက်က အသံတွေကြားပြီး အနောက်ဘက်ကို ရောက်လာလာပါလေရော။ အသံဆိုလို့ ဘာမှတော့ မဟုတ်ပါဘူး။ ပါလာတဲ့ ဂစ်တာတစ်လက်နဲ့ အသံသေးအသံနာ တစ်ယောက်တစ်ပေါင်းဝိုင်းအော်နေတဲ့ သီချင်းဆိုသံတွေ။ ကားဖြတ်သွားတိုင်း လူတွေက ဝိုင်းကြည့်ကြတယ်။ မကြည့်ပဲနေနိုင်ရိုးလား။ ရန်ကုန်ထဲက မထွက်ရင် ဆယ်ကျော်သက်တို့ ထုံစံအတိုင်း (အဲ့တုန်းကတော့ ၂၀ မကျော်သေးဘူးဆိုတော့ ဆယ်ကျော်သက်ပေါ့) ဘီယာဆိုင်ရှာပြီး ကနဦးအဖွင့်က လုပ်ကြသေးတယ်။ ဒါ​တောင် ကားပေါ်မှာ အတောင့်တစ်တောင့်က ပါသေးတယ်။ အဲ့ဒါနဲ့ မခံပါဘူး။ တစ်လမ်းလုံး မော့နေကြတာ ဘယ်အချိန်ကုန်လို့ ကုန်သွားမှန်းသိ။ သောက်သလား မသောက်သလား လမ်းမှာ ပေါက်တော ခဏခဏပဲ။ တော်သေးတယ် ကိုယ့်ကားနဲ့ ကိုယ်သွားလို့။ ခရီးသွားကားကြီးတွေနဲ့သာဆိုရင် အဆဲခံလိုက်ရမယ့် ဖြစ်ခြင်း။

မနက်ရှစ်နာရီလောက်လဲရှိရော ချောင်းသာကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ပါလေရော။ တစ်ညလုံး ကားပေါ်မှာ ကဲပြဲကွဲ လာကြတဲ့သူတွေကများတော့ ရုပ်တွေက ပုံမှန်မဟုတ်။ ပြီးတော့ ဒီလူအုပ်နဲ့ ရိုက်ပေါ့တွေ။ အဲ့တော့ အနားမှာရှိတဲ့ ဆိုင်ကယ်သမားတွေဆီက ဆိုင်ကယ်နဲ့ပဲ လူခွဲပြီး ဟိုတယ် လိုက်စုံစမ်းကြပါလေရော။ တော်သေးတယ် အဆင်ပြေပြေနဲ့ရလို့ ပြီးတော့ ကမ်းခြေရာသီကလည်း မဟုတ်တော့ ကိုယ်တွေလို အချိန်အခါမဟုတ်လာတဲ့သူက ခပ်ရှားရှားရယ်။ ဒါတောင် ကျောင်းက အကြံတူတွေနဲ့ ကမ်းခြေမှာ တွေ့ဖြစ်ကြသေးတယ်။ သူတို့ကတော့ ကိုယ်တွေလို ဘယ်ဟုတ်မလဲ ကောင်မလေးတွေမပါရင် ခရီးလို့ကို မထင်တတ်တဲ့သူတွေဆိုတော့။ အဲ့လိုနဲ့ အခန်းတွေဘာတွေခွဲပေါ့။

သုံးညအိပ်လေးရက်ခရီးသာ ဆိုတယ် အချိန်ကုန်တာ ခဏလေးလို့တောင် ထင်ရတယ်။ အချိန်ကုန်တာလဲ မပြောနဲ့၊ ပင်လယ်ထဲ ဆင်းတဲ့အချိန်မဟုတ်ရင် အားအားရှိ ဖဲထိုင်ရိုက်နေကြတာ။ အိပ်တဲ့သူတွေကလည်း အိပ်ပေါ့။ တိုင်ပတ်တာ တစ်ခုက ထမင်းစားတဲ့ အချိန်ပဲ။ ဘာသာကစုံတော့ အစားအသောက်က ပြဿနာဖြစ်ကော။ အဲ့ဒါနဲ့ အားလုံးစားလို့ရတဲ့ ဆိုင်ကို စရှာတုန်းကဆိုရင် နာရီဝက်တစ်နာရီလောက်တောင် ကြာတယ်။ ဒီကြားထဲ ဂဂျီဂဂျောင် ကြေးများတဲ့သူတွေကလည်း ပါသေး။ တစ်ချို့ဆိုရင် သုံးရက်လုံး ကြက်ဥကြော်နဲ့ လက်ဖက်သုတ်နဲ့တင် နှစ်ပါးသွားကခဲ့ရတဲ့သူနဲ့ နောက်ဆုံးရက် မခံစားနိုင်လို့ တခြားဆိုင်ပြောင်းစားတဲ့သူတွေတောင် ရှိသေးတယ်။ တော်သေးတယ် ကိုယ်တွေက အစားအသောက် အဲ့လောက် ပြဿနာမရှိလို့။

မပြန်ခင်တစ်ရက် ညဘက် မီးပုံပွဲလုပ်မယ်ပေါ့။ ပြီးတော့ အနီးအနား မရောက်သေးတဲ့နေရာတွေလည်း သွားရအောင်ဆိုပြီးတော့ ဆိုင်ကယ်ငှားပါလေရော။ အဲ့ဒီမှာ ကိုယ့်ဆရာ မောင်နိုင်လင်းအောင်က ဆိုင်ကယ်မစီးရဲလို့ပဲလား ဘာလားတော့မသိ၊ တစ်ယောက်ထဲ နေခဲ့ပါရော။ နေပေါ့ ကိုယ်တွေကတော့ ညဘက်ကိစ္စတွေအတွက် မှာစရာရှိတာမှာ၊ ပြင်ဆင်စရာရှိတာ သွားပြင်ဆင်။ ယောက်ျားလေးတွေချည်းပဲ ဆိုင်ကယ်တွေနဲ့ ဝူးဝူးလုပ်နေကြတာ မသိရင် ရွာထဲလူမိုက်တွေဝင်လာတဲ့ အတိုင်းပဲ။ ထင်ချင်စရာ ဥပဓိရုပ်တွေနဲ့ ဆိုတော့လည်း..။ ဒီကြားထဲ ခေါင်ရည်သောက်ချင်ပါတယ်ဆိုတဲ့ သူတွေကြောင့် ခေါင်ရည်ကိစ္စကလည်း လုံးပန်းရသေးတယ်။ ကိုယ်ကတော့ သောက်တဲ့သူမဟုတ်ပေမယ့် သွားလေရာလိုက်သွားရတာပေါ့။ ဆိုင်ကယ်ပိုင်ရှင်က ဆိုင်ကယ်ကို ကမ်းခြေနား မောင်းမသွားနဲ့ ဆိုတာကို မောင်းဖြစ်အောင်လည်း မောင်းခဲ့သေးတယ်။ အဲ့လောက်ကို စကားနားထောင်တာ။ ဒီကြားထဲ မညီမညာလမ်းတွေထဲသွားလို့ ဆိုင်ကယ်ခမျာလဲ သနားပါတယ်။ အဲ့ဒီဆိုင်ကယ်သမားတွေတော့ ဒီတစ်သက် ဒီတစ်သိုက်ကို ထပ်ငှားချင်တဲ့ ပုံမပေါ်တော့ဘူး။ ပြန်ရောက်တော့ မောင်ရင် နိုင်လင်းအောင်က အိပ်ကောင်းတုန်းပဲ ရှိသေးတယ်။ နေလည်းစောင်းကော ပင်လယ်ထဲကိုဆင်းပြီး ကမြင်းကျောထကြပါလေရော။ မှတ်မှတ်ရရ နောက်နေ့ပြန်ပါမယ်ဆိုမှ ဘယ်နားကမှန်းမသိတဲ့ ကန်မလေးတွေ အသုတ်လိုက် အသုတ်လိုက်ရောက်လာလို့ စောစောလာမိတာ မှားပြီးလို့တောင် တစ်ရောက်တစ်ပေါက်နောက်နေကြသေးတယ်။

ညမီးပုံပွဲလုပ်တော့ မီးရှုးမီးပန်းကလည်း ဖောက်ချင်သေးတယ်။ ဒါပေမယ့် ရေစိုလို့ပဲလား ဘာကြောင့်လဲတော့ မသိ။ ဝယ်လိုက်တဲ့ ငါးခုမှာ နှစ်ခုပဲ သုံးစားရတယ်။ ကျန်တာက ဖွတ်ဖွတ်ဖွတ် အသံပဲထွက်တယ်။ မီးပုံလုပ်တာလဲ လွယ်တာမှတ်လို့။ တခြားသူတွေလို ဟော်တယ်ကလူကို မခိုင်းဘူး၊ ကိုယ့်ဟာကိုယ်လုပ်မယ်ပေါ့။ အပေါက်အလမ်းကမတည့်။ မီးကမတောက်၊ နောက်ဆုံး အရပ်ကူပါ လူဝိုင်းပါလုပ်မှ မီးပုံက ဖြစ်တော့တယ်။ အဲ.. ကိုယ်တော်ချောတွေက မီးပုံလုပ်နေတုန်းကသာ မီးပုံအနားမှ စုနေကြတာ။ မီးပုံလဲရပါပြီ ဆိုကော မီးပုံကိုကျောပေး၊ ပင်လယ်ပြင်ကြီး မျက်နှာမူ တန်းစီပြီး ထိုင်နေကြတယ်။ ရှေ့မှာလည်း အစားအသောက်ကိုယ်စီနဲ့။ မူးတဲ့သူကလည်း မူးပြီး မှောက်၊ အိပ်ချင်လို့ ဝင်အိပ်တဲ့သူကလည်း ဝင်အိပ်၊ ညဆယ်နှစ်နာရီလောက်ကြီး မအိပ်သေးပဲ ကျွန်တော်အပါအဝင် သကောင့်သား သုံးယောက်က လန်းလန်းဆန်းဆန်း ရှိနေသေးတယ်။ ဟိုတယ်ကနေပြီး ကားဝင်းထဲက ဆိုင်မှာ နောက်ထပ် ဘီယာသွားထပ်ဝယ်တာပဲကြည့်။ ဒါတောင် ဆိုင်ကယ်မရှိတော့လို့ဆိုပြီး အစအဆုံး လမ်းလျောက်သွားကြတာနော်။ နာရီဝက်ကျော်လောက်ကြာတယ်။ သုံးနာရီလောက်လဲရှိကော မနက်ပြန်မှာနဲ့ဘာနဲ့ ဆိုတော့ အကုန်လုံး သိမ်းဆည်းပြီး အိပ်လိုက်ကြပါရော။

ပြန်မယ့်နေ့ကျတော့ မနက်ပိုင်းရေထဲဆင်းပြီး နောက်ဆုံးအနေနဲ့ အားရပါးရ ကဲလိုက်ကြသေးတယ်။ ကန်မလေးတွေကလည်း မနေ့ညနေကထပ်တောင် ပိုများလာသေးတယ် (>3<) နေ့လည်စားစားချိန်လဲရောက်ကော checkout လုပ်၊ မြို့လဲ လက်ဆောင်ဝယ် နေ့လည်စာစားပြီး ပြန်ကျမယ်ပေါ့။ အဲ့မှာ ပြဿနာ ဖြစ်တာပါပဲ။ ဒီဘက် ကျွန်တော်တို့ နိုင်လင်းအောင်တို့နေတဲ့ ဘက်မှာ ယောက်ျားဝတ် အတွင်းခံ တစ်ထည်ပိုနေတယ်။ အားလုံးကို မေးတော့လည်း အားလုံးရဲ့ ဟာကမဟုတ်။ ခက်ပြီ၊ ဒါဖြင့် မနေ့က တစ်ယောက်ထဲ ကျန်ခဲ့တဲ့ နိုင်လင်းအောင်ပဲ သိတော့မပေါ့ကွယ်။ သူကတော့ ဘူးခံငြင်းနေပေမယ့် အခု သုံးနှစ်ကျော်သွားတဲ့အထိ အဖြစ်မှန်က ပေါ်သေးတာမဟုတ်။ ဒဏ္ဍာရီဆန်ဆန် ဗဟေဠိကျန်နေပါသေးတယ်။ လက်ဆောင်ဝယ်တော့လည်း အင်္ကျီရောင်းတဲ့ဆိုင်က မမလှလှကို အီစီကလီသွားလုပ်တာကိုလည်း အမှတ်ရသား။ သူလည်း ဒီလိုပြောခံရတာများတော့ ရိုးနေပြီးထင်ပါတယ်။ ပြုံးပြုံးပဲ။ ကြားထဲ ဓာတ်ပုံခိုးရိုက်တဲ့ ကောင်ကပါသေးတယ်။ အိမ်အတွက် လက်ဆောင်တွေဘာတွေ ဝယ်၊ နေ့လည်စာလည်း စားပြီးရော ချောင်းသာကြီးကို ဘိုင်ဘိုင်လုပ်ခဲ့ပါလေရော။။

အပြန်လမ်းခရီးက နေ့ခင်းဘက်ဆိုတော့ ထုံးစံအတိုင်း အသံသေး အသံညှောင်တွေနဲ့ အော်ကြဆိုကြပေါ့။ ဒါပေမယ့် အသောက်အစားမပါပဲ လူလိမ္မာလေးတွေကို ဖြစ်လို့။ မဖြစ်ပဲနေနိုင်ရိုးလား ပိုက်ဆံမှ မကျန်တော့တဲ့ဟာ။ ဒါတောင် လမ်းမှာ ဆိုင်တွေ့တော့ တစ်ခွက်နှစ်ခွက်ဆိုပြီး ဝင်သောက်ကြသေးတာ။ ရန်ကုန်ထဲပြန်ရောက်တော့ ညရှစ်နာရီခွဲ ကိုးနာရီလောက်ရှိရောပေါ့။ အားလုံး လမ်းခွဲပြီး ကိုယ်အိမ်ကိုယ် ပြန်ကြရော။ အဲ့ကတည်းက မတွေ့ဖြစ်တော့တဲ့ သူတွေလည်း ရှိသား။ ကော့သောင်းပြန်တဲ့သူက ကော့သောင်းပြန်နဲ့။ တစ်ခါတစ်ခါ အဲ့တုန်းက အချိန်တွေကို ပြန်သတိရမိသား။ ကျောင်းတုန်းကသာ ဝတ္ထုတွေထဲကလို ပျော်ဖို့မကောင်းဘူး အော်နေကြတာ။ အခုချိန်ကြတော့လည်း ကျောင်းတုန်က ပျော်ခဲ့ရတာတွေကို ပြန်သတိရမိသား။ အဲ့တုန်းကတော့ တကယ် အပူအပင်ကင်းမဲ့ခဲ့တာ။ ဒါပေမယ့် အခုအချိန်မှာ ပြန်စုဖို့ဆိုတာ အလုပ်ကိုယ်စီနဲ့ တော်တော်လေးတော့ ခက်လိမ့်မယ်။ စင်္ကာပူရောက်တဲ့သူရောက်၊ ဂျပန်ရောက်တဲ့သူရောက်နဲ့။ ဘာပဲပြောပြော တစ်ခါတစ်လေကျတော့လည်း အဲ့ဒီလိုမျိုး သူငယ်ချင်းတွေ အားလုံးပြန်စုပြီး ခရီးလေးတစ်ခုလောက် ထွက်ချင်သေးတယ်..။

စာကြွင်း ။မေမြို့ဆိုပြီး ချောင်းသာရောက်အမှတ်တရ အင်္ကျီဝတ်ပြီး အိမ်ပြန်သွားတဲ့ မောင်နိုင်လင်းအောင်၏ ဇာတ်လမ်းအား သူ့အား ကိုယ်တိုင် မေးမြန်းကြပါရန်။

K

Read more posts by this author.

Somewhere in this world http://khay.me
comments powered by Disqus