ဂျပန်ပြည်သို့ အလည်တစ်ခေါက် (၁)

ပြောရမယ်ဆိုရင် ဒီတစ်ခါက်က ဂျပန်ကိုရောက်တာ ဒုတိယမြောက်ပဲ။ ပထမအခေါက်တုန်းက တိုကျိုမြို့ တစ်ခုထဲရောက်ဖြစ်ပေမယ့် သိပ်ပြီးနေရာများများစားစား မရောက်ဖြစ်ခဲ့ဘူး။
ဒီတစ်ခေါက်တော့ အရင်တစ်ခေါက်တုန်းက မရောက်ဖြစ်ခဲ့တဲ့နေရာအကုန်လုံး ရောက်အောင်တော့ သွားမယ်ဆိုပြီးတော့ အစီအစဉ်ဆွဲထားတာ တစ်နှစ်နီးပါးလောက်တော့ ရှိပြီ။

၂၀၁၆ တုန်းက Delta Airline နဲ့သွားတော့ ဒီတစ်ခေါက် Japan Airline ပြောင်းစီးကြည့်မယ်ဆိုပြီး ANA ကနေ booking လုပ်ထားလိုက်တယ်။ Economy ပေမယ့် leg space လိုချင်တော့ emergency exist အပေါက်မှာ ထိုင်ခုံရွေးလိုက်တယ်။ Business class ထက်တောင် ခြေထောက်နေရာပိုရတယ်။ ၇ နာရီလောက် စီးရမှာ ခြေထောက်ဆန့်လို့အဆင်မပြေရင် အတော်ဒုက္ခရောက်တာ။ Delta နဲ့ ယှဉ်လိုက်တော့ ANA က ပိုပြီးတော့ ဝန်ဆောင်မှုပိုကောင်းတယ်လို့ ခံစားရတယ်။ တစ်ခုပဲ လေယာဉ်မယ်တွေက ဂျပန်လူမျိုးဆိုတော့ သူတို့က အင်္ဂလိပ်လိုထက်စာရင် ဂျပန်လိုပိုပြောတာများတယ်။

အစကတည်းက အိုစာကာ၊ ကျိုတိုနဲ့ တိုကျိုသွားမယ်လို့ အစီအစဉ်ရှိပေမယ့် စင်္ကာပူကနေ အိုစာကာကို တိုက်ရိုက်လေကြောင်းတွေက အကုန်စျေးကြီးတော့ တိုကျိုကနေပြီးတော့ Shinkansen (Japanese Bullet Train) စီးပြီးတော့ပဲ အိုစာကာသွားမယ်ပေါ့။ တိုက်ရိုက်လေယာဉ်ထက်စာရင် စျေးက သက်သာတယ်ဆိုပြီးတော့ပေါ့။ အဲ့ဒါနဲ့ နာရီတာလေဆိပ်ကို လေယာဉ်လဲဆိုက်ကော immigration မှာနည်းနည်းနောနော နိုင်ငံခြားသားတွေလား...။ အဲ့မှာတန်းစီတာတင် တစ်နာရီနီးပါးလောက်ကြတယ်။ အဲ့ပေမယ့်လည်း ဒီအတိုင်း အတန်းက ရပ်နေတာမဟုတ်ပဲ နည်းနည်းချင်းတိုးနေတာဆိုတော့ သိပ်ပြီးကြာတယ် မထင်လိုက်ရဘူး။ Immigration လဲပြီးတော့ နာရီတာကနေ တိုကျိုကို သွားဖို့ Skyliner လက်မှတ်ကို သွားဝယ်ရရော။ Skyliner က Shinkanken လိုပဲ၊ ဒါပေမယ့် သူက နာရီတာနဲ့ တိုကျိုမြို့တွင်းကိုပဲ ပြေးဆွဲတာသလို ကြားထဲမှာ မှတ်တိုင်များများလဲမရပ်ဘူး။ အကယ်လို့ သက်တောင့်သက်သာနဲ့ မြန်မြန်သွားချင်ရင်တော့ skyliner ကို စီးတာအကောင်းဆုံးပဲ။ ပုံမှန်ဆိုရင်တော့ ဘက်စ်ကားပဲဖြစ်ဖြစ် ပုံမှန်ရထားလိုင်းနဲ့ပဲဖြစ်ဖြစ် သွားလို့ရပါတယ်။ ဖြစ်ချင်တော့ အိုစာကာမှာ ဟိုတယ် ဘွတ်ကင်က ၃နာရီဆိုတော့ အမှီရောက်နိုင်လေ ကောင်းလေပဲ။ Skyliner က တိုကျိုသွားတယ်ဆိုပေမယ့် Tokyo Station မှာရပ်တာမဟုတ်တော့ Nippori Station မှာဆင်းပြီးတော့ Tokyo Station က JR လိုင်းပြန်ပြောင်းစီးရတယ်။ Tokyo Station ကနေမှ Shinkansen လက်မှတ်ဝယ်ပြီးတော့ အိုစာကာကို သွားလို့ရမှာကိုး။

လက်မှတ်ဝယ်တယ်ဆိုလို့ အဲ့မှာတစ်ခုသဘောကျမိတာက ticket machine တွေပဲ။ Shinkansen လက်မှတ်တွေကို စက်တွေကပြီးတော့ ကိုယ်ကြိုက်တဲ့အချိန် ကိုယ်ကြိုက်တဲ့ထိုင်ခုံကို ရွေးပြီးဝယ်လို့ရတယ်။ ရုပ်ရှင်လက်မှတ်တွေလိုပဲ။ တကယ်လို့ မဝယ်တတ်ဘူးဆိုရင်လည်း အနားမှာရှိတဲ့ လက်မှတ်ရောင်းပေးတဲ့ ကောင်တာတွေမှာ သွားဝယ်လို့ရတယ်။ သူ့လက်မှတ်က နှစ်မျိုးရှိတယ်။ တစ်ခုက ရိုးရိုးလက်မှတ်ပဲ၊ သူသတ်မှတ်ထားတဲ့ ရထားတွဲကို သွားပြီးတော့ လွတ်တဲ့ခုံကို ရွေးထိုင်ရတာ။ ခုံမလွတ်ဘူးဆိုရင် မတ်တပ်ရပ်ရလောက်တယ်။ နောက်တစ်ခုက အပေါ်မှာပြောခဲ့သလို reserved seat ပုံစံမျိုး ကိုယ့်အတွက်ထိုင်ခုံနံပါတ်နဲ့ လက်မှတ်။ တိုကျိုနဲ့ အိုစာကာနဲ့ ၂နာရီခွဲလောက်သွားရတော့ အဲ့ဒီလတ်မှတ်မျိုးကို ဝယ်တာအကောင်းဆုံးပဲ။ မဟုတ်ရင် အထုတ်အပိုးတွေနဲ့ တော်တော်လေးပင်ပန်းမှာ။ Shinkansen မှာလည်းအမျိုးအမျိုးရှိသေးတယ်။ ဘူတာတိုင်းရပ်တာနဲ့ အမြန်နဲ့။ Nozomi လိုင်းကိုပဲစီး၊ တခြားလိုင်းတွေနဲ့ ယှဉ်ရင် စျေးတော့နည်းနည်းများပေမယ့် မြန်တယ်၊ ပြီးတော့ ဆယ့်ငါးမိနစ်တစ်ခါလား နာရီဝက်တစ်ခါလားမသိဘူး ထွက်တာ။ အဲ့တော့ ကိုယ့်နဲ့အဆင်ပြေမယ့် အချိန်ကို ရွေးဝယ်လို့ရတယ်။

Shinkansen လက်မှတ်ဝယ်ပြီးတော့ Ekiben ကိုဝယ်ရပြန်ရော။ Ekiben ဆိုတဲ့အတိုင်း ရထားထမင်းဘူးပဲ။ အမှန်က မဝယ်လဲရပါတယ်။ ဒါပေမယ့် ဂျပန်အများစုက အဲ့ဒါလေးတွေကို ဝယ်ပြီး ရထားပေါ်မှာ စားတတ်ကြတော့ စားဖူးတယ်ရှိအောင် ဝယ်စားတဲ့သဘောပါပဲ။ စားရတာအဆင်ပြေသလို အရသာကလည်း မဆိုးလှဘူး။ အကယ်လို့ ထမင်းစားချိန်မျိုးမှာ သွားတာဆိုရင်တော့ ဝယ်စားကြည့်သင့်တယ်။ Shinkansen ပေါ်မှာ ဖုန်းအားသွင်းဖို့၊ ကွန်ပျူတာသုံးဖို့အတွက် ပလပ်ပေါက်တွေပါတယ်။ အအေးသောက်ချင်တဲ့သူတွေအတွက် vending machine လည်းပါတယ်။ အိမ်သာပါတယ်၊ ဆေးလိပ်သောက်ခန်းပါတယ်။ ရထားက အရမ်းမြန်မြန်သွားပေမယ့် သက်တောင့်သက်တာဖြစ်လွန်းတော့ ပြတင်းပေါက်ကို ကြည့်မနေ့ရင် သွားလို့သွားနေမှန်းတောင် မသိဘူး။

အိုစာကာကို တန်းရောက်တယ်ဆိုပေမယ့် Shin-Osaka Station မှာဆင်းပြီးတော့မှ Osaka Station ကိုပြန်ပြောင်းစီးရတယ်။ အဲ့ဒီကနေမှ ဟိုတယ်ကို အထုတ်အပိုးတွေနဲ့ လမ်းလျှောက်ပေါ့။ ဟိုတယ်က ဘူတာကနေပြီးတော့ ရှစ်မိနစ်လောက်တော့ လျှောက်ရတယ်။ အရင်တစ်ခေါက်တုန်းက ဘူတာနဲ့ ဝေးတဲ့ဟိုတယ်မှာ နေခဲ့မိတော့ အထုတ်အပိုးတွေနဲ့ဆို အတော်ဒုက္ခရောက်တယ်။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ဆိုရင်ဘာ ပြဿနာမဟုတ်ပေမယ့် မြို့တွေပြောင်း လျှောက်သွားမယ်ဆိုရင်တော့ ဘူတာနဲ့နီးတဲ့နေရာမှာနေတာ အသင့်တော်ဆုံးပဲ။ ပိုက်ဆံတော့ ပိုပေးရမယ် ဒါပေမယ့် အချိန်ကုန်တာ လူပင်ပန်းတာ သက်သာတယ်။

အိုစာကာမှာ နေဖြစ်ခဲ့တဲ့ ဟိုတယ်နာမည်က Hotel Monterey Osaka တဲ့။ ဟိုတယ်ရဲ့ ပုံစံက Austria မြို့တော် Vienna ရဲ့ Schönbrunn Palace ပုံစံကို ယူထားတဲ့အတွက် မြင်တွေ့နေကြ ဟိုတယ်ပုံတွေနဲ့ မတူဘူး။ ဟိုတယ်ထဲဝင်လိုက်တာနဲ့ Royal court ထဲရောက်သွားတဲ့ ခံစားချက်မျိုးခံစားရတယ်။ နောက်တစ်ခုထူးခြားတာက Reception ပဲ။ တခြား ဟိုတယ်တွေလို ဝယ်လိုက်တာနဲ့ hotel reception ကိုတန်းမရောက်ပဲ ဓာတ်လှေခါးနဲ့ ၁၀လွှာ အထိတက်သွားမှာ reception ကိုတွေ့တယ်။ နောက်မှာဘာလို့ reception ကို ၁၀လွှာမှာထားလဲဆိုတော့ အဲ့ဒီအထိပ်မှာပဲ Church အသေးစားလေးတစ်ခု တည်ဆောက်ထားတာကိုတွေ့ခဲ့ရတယ်။ အဲ့ဒီမှာပဲ မင်္ဂလာဆောင်တွေ လုပ်တယ်၊ အနောက်တိုင်းပုံစံလေးပေါ့။ ဂျပန်မှာရောက်နေပေမယ့် ကိုယ့်ကိုယ်ကို europe က မြို့လေးတစ်မြို့ရောက်သလိုမျိုးတောင်ခံစားရတယ်။ အခန်းက စျေးသက်သာတဲ့ နှစ်ယောက်ခန်းကိုပဲ ယူထားပေမယ့် တော်တော်လေးကျယ်တယ်၊ ရေချိုးခန်းကလည်း ကျယ်တယ်၊ အသုံးအဆောင်တွေ အကုန်အသင့်ရှိတယ်။ လိုအပ်တာရှိရင်လည်း reception မှာ သွားတောင်းလို့ရတယ်။ ဂျပန်စကားမပြောတတ်ရင်လည်း သူတို့က အင်္ဂလိပ်လိုပြောတတ်တော့ ပြောရဆိုတာရ ပြဿနာမရှိဘူး။ Hotel booking တွေအားလုံးကတော့ booking.com ကပဲလုပ်တယ်၊ အရင်တစ်ခေါက်တုန်းကလဲ အဲ့ဒီကပဲလုပ်တယ်။

အဲ့ဒါနဲ့ ဟိုတယ်အခန်းမှာ ပစ္စည်းတွေချပြီးပြီဆိုတာနဲ့ အပြင်ပြန်ထွက်ဖို့ လုပ်ရတာပေါ့။ ရောက်နေပြီဆိုမှတော့ ပင်ပန်းရင် ပင်ပန်းပါစေ၊ သွားချင်တဲ့နေရာတွေ အကုန်ရောက်အောင်သွားမယ်ပေါ့။ အဲ့ဒါနဲ့အရင်ဆုံး ဟိုတယ်နဲ့လည်းနီးတဲ့ Osaka Station နားမှာပဲရှိတဲ့ Square Enix Cafe ကိုသွားရှာကြမယ်ပေါ့။ သွားရှာတယ်ဆိုလို့ ဂျပန်မှာသွားလာမယ်ဆိုရင် Internet ရှိရင်အကုန်အဆင်ပြေတယ်။ ကိုယ်သွားချင်တဲ့နေရာကို Google map မှာရှာရင် ဘယ်လိုသွားလို့ရတယ်၊ ဘယ်လမ်းကြောင်းနဲ့သွားရင်ဘယ်လိုကုန်တယ်ကအစ ဖော်ပြထားတယ်။ အဲ့မှာ လိပ်စာကိုအတိအကျ ဘယ်အထပ်မှန်းမသိတော့ ပတ်ရှာပတ်ရှာရင်းနဲ့ ၁၅ မိနစ်လောက်ကြာတော့မှာ အဲ့ကဖေးကို တွေ့တော့တယ်။ FFXV Windows Edition ထွက်ထားတာ ရက်ပိုင်းပဲရှိသေးတော့ အဲ့ဒါကို အသေအကြေ ပရိုမိုးရှင်းတွေ လုပ်နေတာပေါ့။ အစကတော့ တစ်ခုခု အမှတ်တရဝယ်မလို့ပဲ ဘာမှစိတ်ဝင်စားစရာမရှိတဲ့အပြင် ကိုယ်လိုချင်တဲ့ ပစ္စည်းကလည်း ကုန်နေတယ်ဆိုတော့ ဒီတိုင်းပဲ ပတ်ကြည့်ပြီးပြန်ထွက်လာခဲ့တယ်။ ပတ်ကြည့်တယ်ဆိုလို့ အကျယ်ကြီးရယ်တော့လဲ မဟုတ်ပါဘူး။ ပစ္စည်းတွေကနည်းနည်းလေးပဲရှိတာ၊ ကျန်တဲ့နေရာက ကဖေးလာပြီး စားသောက်တဲ့သူတွေထိုင်တဲ့နေရာကြီးပဲ။ အဲ့ဒါနဲ့ သူငယ်ချင်းတစ်ယောက်နဲ့ချိန်းထားတဲ့ Dōtonbori ဘက်ကိုထွက်လာခဲ့တဲ့။

Osaka Station ကနေ တိုက်ရိုက်ရထားမရှိတော့ အဲ့ဒီကနေ သုံးမိနစ်လောက်လမ်းလျှောက်လိုက်ရင်ရောက်တဲ့ Umeda Station ကနေ Namba Station ကိုသွားလိုက်တယ်။ Nakamozu ဘက်ကိုသွားတဲ့ Midosuji Line ကို စီးရင် ၄မှတ်တိုင်ပဲစီးရတယ်။ Namba Station ကနေမှ Dōtonbori ဘက်ကို လေးမိနစ်လောက် လမ်းလျှောက်ရုံပဲ။

အိုစာကာမှာနေခဲ့တဲ့ လေးရက်ထဲ USJ အပြင် လူအစည်ကားဆုံးနေရာကို ပြပါဆိုရင် Dōtonbori ကိုပဲပြရမှာပဲ။ လူစည်ချက်က Harajuki က Takeshita Street ထက်ကို လမ်းက နှစ်ဆလောက်ကျယ်တာကိုပဲလူက အပြည့်။ အစားအသောက်တန်းတွေကြီးပဲ။ အစားအသောက်ကြိုက်တဲ့သူတွေအတွက်တော့ တကယ့်လောကနိဗ္ဗာန်ပဲ။ ဂျပန်မှာစားခဲ့သမျှ အရသာမကောင်းတာ မရှိဘူး။ ပေးရတဲ့စျေးတဲ့အညီ ထိုက်တန်တဲ့အရသာကို စားရတာပဲ။

Takoyaki was so gooooood

A post shared by Akemi (@mimiakemi) on

ရောက်တော့ ညစာစားချိန်၊ သူငယ်ချင်းကလည်းမရောက်သေးတော့ နာမည်ကြီး Kukuru Takoyaki ကိုနည်းနည်း ဝယ်စားလိုက်တယ်။ အိုစာကာမှာ နာမည်အကြီးဆုံးအစားအစာကို ပြောပါဆိုရင် Takoyaki ပဲ။ ဂျပန်က Takoyaki ကောင်းတယ်ဆိုတဲ့အထဲမှာမှ တခြား တိုကျိုတို့ အီဘာရာကီတို့လို နေရာတွေက Takoyaki ထက် အိုစာကာက Takoyaki က ပိုပြီးတော့ စားလို့ကောင်းတယ်။ ဘယ်လောက်ထိကောင်းလဲဆိုတဲ့ စားလိုက်တယ်လို့ပြောတာထက် ပါးစပ်ထဲကိုထည့်လိုက်တာနဲ့ ပျော်ကျသွားသလိုမျိုးကို ဖြစ်တာ။ Shokugeki no Soma ဇာတ်လမ်းထဲမှာ ခံစားရတယ့် feeling တွေကို အပိုတွေလို့ထင်ထားတာ တကယ်တမ်း အဲ့လိုမျိုးတကယ်ကောင်းတဲ့အစားသောက်ကို စားကြည့်မိမှ ဒီလိုမျိုးခံစားရတာပါလားဆိုပြီး သိလိုက်တယ်။ သူငယ်ချင်းရောက်တော့ ညစာသွားစား၊ သွားစားတဲ့ ramen ဆိုင်ကလည်း တန်းစီရ၊ အေးကလည်းအေး။ ကိုယ့်အလှည့်လဲရောက်ကော ပွဲကြီးကြီးမှာပြီး ရှလွတ်ရှလွတ်နဲ့ ဂျပန်တွေလိုမျိုးစားလိုက်တာ ဗိုက်ကိုကားသွားတာပဲ။

ပြီးတော့ အနီးအနားတစ်ဝိုက်ကို ပတ်ကြည့်ပြီးတော့ လေယာဉ် ၇နာရီ၊ Shinkansen ၂ နာရီခွဲ ဆက်တိုက်စီးလာရတော့ နားချင်လာတာနဲ့ ဟိုတယ်ပြန်ပြီးနားလိုက်တော့တယ်။ အဲ့ဒါနဲ့ပဲ အိုစာကာမှာ ပထမည ကုန်ဆုံးသွားပါလေရော...

(Cover image from https://www.jnto.go.jp/eng/regional/osaka/dotonbori.html)

K

K

I was lost in the past until i found her. She gave me a light of hope and I want to make sure it happens.

Read More