မှတ်မှတ်ရရ သေချင်လောက်တဲ့အထိ စိတ်တွေရှုပ်ထွေးနေချိန်၊ အရာအားလုံး ကံဆိုးမိုးမှောင်ကျနေတဲ့အချိန် သူမကို စတွေ့ခဲ့တယ်။ မတွေ့ဖူး မမြင်ဖူးတဲ့သူတစ်ယောက်ကို ရူးမတတ်ဖြစ်လောက်ရတယ်ဆိုတာ ရုပ်ရှင်ပြဇာတ် ကဗျာစာအုပ်တွေမှာပဲ ရှိတယ်လို့ ထင်ခဲ့တဲ့ ကျွန်တော်၊ သူမနဲ့တွေ့မှ ကိုယ်တိုင်ကိုယ်ကျ သိခဲ့ရတယ်။

တစ်ချို့ကပြောတယ် လက်တွေ့မဆန်ဘူးတဲ့။ လူတစ်ယောက်ကို လွယ်လွယ်နဲ့ မယုံတတ်တဲ့ကျွန်တော် သူမနဲ့တွေ့မှ စကားလုံးတိုင်းကို ယုံကြည်နေမိတယ်။ ကိုယ်မှန်တယ်ထင်ရင် တဇွတ်ထိုးလုပ်တတ်တဲ့ ကျွန်တော် သူမနဲ့တွေ့မှ အရာအားလုံးကို အလျှော့ပေးတတ်လာခဲ့တယ်။ ပိုင်ဆိုင်ခွင့်မရှိရင်တောင်မှ သူမရဲ့ ပိုင်ဆိုင်မှုတစ်ခုအဖြစ်နေနဲ့ ရှိနေခွင့်ရရင်လေးကို ကျေနပ်နေမိသူ။ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ် ဘယ်လို အခြေအနေမျိုးပဲရောက်ရောက် သူမရဲ့လက်လေးတစ်စုံကို မြတ်မြတ်နိုးနိုး ကိုင်ဆုပ်ထားချင်မိတယ်။

သဝန်တိုလားတဲ့။ ပိုင်ဆိုင်ခွင့်မရှိဘူးဆိုရင်တောင်မှ တခြားသူတစ်ယောက်ကို သူမဘဝထဲ မဝင်ရောက်စေချင်ဘူး။ သူပျော်ရင်ပြီးရောဆိုပေမယ့် ကျွန်တော်ပျော်ဖို့အတွက်ကရော ဘယ်သူက ကြည့်ပေးမှာလဲ၊ နားလည်ပေးနိုင်မှာလဲ။ ရွှေငွေစည်းစိမ်ဥစ္စာ ဂုဏ်ပကာသနတွေ မလိုအပ်ပါဘူး။ တူနှစ်ကိုယ် တဲအိုပျက် နေချင်နေရပါစေ၊ သူမသာ ကျွန်တော့်အနားရှိမယ်ဆိုရင် အရာရာစွန့်လွှတ်နိုင်ပြီးသားပါ။ လူသားတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ကို သူမနဲ့ပတ်သတ်ပြီးတော့ လူသားပီသခွင့်ပေးပါ။

အနေဝေးရင် သွေးအေးသွားတယ်တဲ့။ မိနစ် ၉၀ အချိန်နာရီတွေ ကွာခြားနေပေမယ့် မိုးလင်းမိုးချုပ် အမြဲဂရုစိုက်ပေးနေတတ်တဲ့သူ။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဆုံနိုင်ခွင့်က ဒီထက်မပိုခဲ့ပေမယ့် ကျွန်တော့်အတွက်ကတော့ အနေဝေးလည်း စိတ်ချင်းနီးစပ်နေသ၍၊ ခံစားချက်တွေ ထပ်တူကျနေသေးသ၍ကတော့ အကွာအဝေးဆိုတာ အရေးကြီးတဲ့အတိုင်းအတာ ယူနစ်တစ်ခုတော့လည်း မဟုတ်ပါဘူး။